
မေ ၂၆၊ ၂၀၂၆
Zalen
ကမ္ဘောဒီးယားနိုင်ငံရဲ့ ယာယီနိုင်ငံတော်အကြီးအကဲ ဟွန်ဆန်က အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြားရှိ ကမ္ဘောဒီးယား အမျိုးသားတွေအနေနဲ့ ၂၄ လကြာ စစ်မှုထမ်းဆောင်ရန် လိုအပ်တဲ့ စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းကို ကမ္ဘောဒီးယား လွှတ်တော်က အတည်ပြုပြီး နှစ်ရက်အကြာ မေလ ၂၃ ရက်နေ့မှာ ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

၎င်းဟာ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိတော့တဲ့ ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သော စစ်မှုထမ်းဥပဒေအဟောင်းကို အစားထိုးလိုက်တာ ဖြစ်ပါတယ်။
ဥပဒေအသစ်မှာ အခန်း ၈ ခန်း၊ ပုဒ်မ ၂၀ ပါဝင်ပြီး နိုင်ငံတော်ကာကွယ်ရေး အားကောင်းစေရန်နဲ့ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့ စစ်မှုထမ်းရမယ့် စည်းကမ်းချက်တွေကို အကြမ်းဖျင်း ဖော်ပြထားပါတယ်။
စစ်မှုထမ်းတာဟာ နိုင်ငံသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ တာဝန်တစ်ခုဖြစ်ပြီး မျိုးချစ်စိတ်ဓာတ်နဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ပျိုးထောင်ပေးတဲ့ နည်းလမ်းတစ်ခုအဖြစ် ဥပဒေမှာ ဖော်ပြထားပါတယ်။
ဥပဒေအသစ်အရ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား အမျိုးသားတွေ စစ်တပ်မှာ ၂၄ လကြာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ မိမိဆန္ဒသဘောနဲ့ စေတနာ့ဝန်ထမ်း ဝင်ရောက်နိုပါတယ်။
သံဃာတော်၊ ဘာသာရေးခေါင်းဆောင်တွေ၊ မသန်စွမ်းသူတွေနဲ့ အရေးကြီးသော နိုင်ငံတော်မစ်ရှင်တွေကို ထမ်းဆောင်နေတဲ့ အကြီးတန်းကျွမ်းကျင်သူများမှာ ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဥပဒေမှာ စစ်မှုထမ်းဖို့ ပျက်ကွက်သူ (စစ်ပြေး/စစ်ရှောင်သူများ) အတွက် ပြစ်ဒဏ်များကိုလည်း သတ်မှတ်ထားပါတယ်။
ငြိမ်းချမ်းရေးကာလအတွင်း စည်းကမ်းဖောက်ဖျက်သူတွေက ထောင်ဒဏ် ၆ လမှ ၂ နှစ်အထိ ကျခံရမည်ဖြစ်ပါတယ်။
စစ်ပွဲ သို့မဟုတ် ကျူးကျော်ခံရတဲ့ ကာလတွေမှာ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်အထိ တိုးမြှင့်ခံရမည် ဖြစ်ပါတယ်။
ကိုးကား-ခမာတိုင်းမ်
သတင်း-ခူမီး









