မေလ ၂၉၊ ၂၀၂၆
Zalen
မြန်မာအာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ဟာ စနေနေ့မှာ အိန္ဒိယနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မယ်လို့ အိန္ဒိယဘက်ကက မေလ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
အခုခရီးစဉ်ဟာ မင်းအောင်လှိုင်အနေနဲ့ စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ ပြီးခဲ့တဲ့ ဧပြီလမှာ ၎င်းရဲ့ စစ်ယူနီဖောင်းကို ချွတ်ပြီး အရပ်သား သမ္မတအဖြစ် ကျမ်းသစ္စာဆို အသွင်ပြောင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပကို သွားရောက်တဲ့ ခရီးစဉ် ဖြစ်လာမှာပါ။

အဲဒီခရီးစဉ်မှာ မင်းအောင်လှိုင်နဲ့အတူ ဝန်ကြီးတွေ၊ အခြားအရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လိုက်ပါသွားမယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီခရီးစဉ်ဟာ စနေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ (Narendra Modi) နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး၊ အိန္ဒိယသမ္မတ ဒရုပဒီ မူရ်မူ (Droupadi Murmu) အပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ နှစ်နိုင်ငံအစိုးရတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အခုခရီးစဉ်ဟာ နှစ်နိုင်ငံကြား ကဏ္ဍစုံဆက်ဆံရေးတွေကို ပိုမိုခိုင်မာနက်ရှိုင်းလာစေလိမ့်မယ်လို့လည်း နယူးဒေလီဘက်က မျှော်လင့်ထားပါတယ်။
ယခုခရီးစဉ်အတွင်း စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာတွေအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးသွားမယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ဟာ မေ ၃၀ ရက်မှာ ဗုဒ္ဓဂါယာကို သွားရောက်မှာဖြစ်ပြီး၊ ဇွန် ၁ ရက်မှာတော့ ဝန်ကြီးချုပ် မိုဒီနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။
ဒါ့အပြင် အိန္ဒိယဦးဆောင်တဲ့ နိုင်ငံတကာကြောင်ကြီးမျိုးစိတ်များ မဟာမိတ်အဖွဲ့ (IBCA) ရဲ့ ထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ ရှိနေသလို၊ ဇွန် ၂ ရက်မှာတော့ မွန်ဘိုင်းမြို့က စီးပွားရေးလုပ်ငန်းခွင်တွေကို သွားရောက်မယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ဟာ နိုင်ငံတော်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်စဉ် ၂၀၂၁ ခုနှစ်မှာ လူထုထောက်ခံမှုရရှိထားတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သလို၊ ဒီအာဏာသိမ်းမှုကြောင့်ပဲ နိုင်ငံတစ်ဝှမ်းမှာ လက်ရှိအချိန်အထိ ပြည်တွင်းစစ်မီး တောက်လောင်နေရဆဲ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးသက်တမ်း ၅ နှစ်အကြာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့ပေမဲ့၊ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ပါဝင်ခွင့်မပြုခဲ့သလို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတော်များများမှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။
ရွေးကောက်ပွဲရလဒ်အရ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ လွှတ်တော်ထဲမှာ ပြိုင်ဘက်မရှိ အလွယ်တကူ အနိုင်ရရှိခဲ့ကြပြီး၊ အဲဒီလွှတ်တော်ကနေပဲ သူ့ကို နိုင်ငံရဲ့ အမြင့်ဆုံး သမ္မတရာထူးနေရာ ရောက်အောင် ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ သမ္မတကျမ်းသစ္စာဆိုပွဲကိုတော့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့အပြင် တခြားနိုင်ငံပေါင်း ၂၀ က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အိန္ဒိယဟာ နေပြည်တော်စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို အသွင်ပြောင်းအစိုးရဖြစ်လာပြီး မင်းအောင်လှိုင်က သမ္မတရာထူးရယူချိန်မှာတော့ အိန္ဒိယဘက်က ‘အိမ်နီးချင်းပထမ’ မူဝါဒ၊ ‘အရှေ့မျှော်ဝါဒ’ နဲ့ ‘မဟာဆာဂါ’ (MAHASAGAR) မူဝါဒတွေအတိုင်း နိုင်ငံတော်အဆင့်အထိ ဖိတ်ခေါ်တွေ့ဆုံဖို့ ခြေလှမ်းလာတာ ဖြစ်ပါတယ်။
ဒီမိုကရေစီဝါရင့် နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယက မင်းအောင်လှိုင်ကို အခုလို ဖိတ်ကြားတဲ့အပေါ် မြန်မာနဲ့ အိန္ဒိယနိုင်ငံက တက်ကြွလှုပ်ရှားသူတွေကြားမှာ ဝေဖန်မှုတွေ ပြင်းထန်နေပြီး အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ကန့်ကွက်ထားပါတယ်။
နယူးဒေလီရောက် မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကလည်း ဒီခရီးစဉ်ကို လက်မခံနိုင်တဲ့အတွက် လူထုအင်အားနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။
Helen
















