ဇူလိုင် ၁၄၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ ကလေး-တမူး လမ်းပိုင်းမှာစစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား နှစ်ဘက်တိုက်ပွဲပြင်းထန်နေတာ ၁လကျော်လာတဲ့အတွက် တမူးမြို့မှာကုန်ဈေးနှုန်းစတင်မြင့်တက်နေပြီလို့ ဒေသခံများထံကသိရပါတယ်။
တမူးမြို့မှာ ပြီးခဲ့တဲ့လကစပြီး ကလေး-တမူးလမ်းပိုင်း ကုန်စည်စီးဆင်းမှုလုံးဝပျက်တောက်သွားတာကြောင့် တမူးမှာ အခြေခံစားသောက်ကုန်များပျက်လပ်လာပြီး ကုန်ဈေးနှုန်းစတင်မြင့်တက်လာတာလို့ဆိုပါတယ်။
” ကုန်ဈေးနှုန်းသိသိတာတာ တက်လာတာက သိပ်မကြာသေးဘူးဗျ။ အခုရက်ပိုင်းစတက်လာတာ ဆန်တစ်ပြည် ၇၀၀၀၊ အိန္ဒိယဆီ ၅၀သားဗူး ၇၀၀၀၊ ခရမ်းချဉ် ၁ပိဿာ ၁၂၀၀၀၊ ကြက်သား ၁ပိဿာ ၄၀၀၀၀၊ ကြက်ဥ ၁လုံး ၇၀၀ ကျပ်ထိပေးဝယ်နေရတာ။ မဏီပူရ်မှာ လူမျိုးရေးပြဿနာဖြစ်လို့ အင်ဖားလ်ကနေလည်း ပစ္စည်းသိပ်မလာတော့ မိုးရေးမြို့မှာကလည်းပစ္စည်းပျက်လု နီးပါးဖြစ်နေတော့ ဈေးတွေက အဆမတန်တက်လာတာ” လို့ တမူးမြို့ခံ တစ်ဦးက Zalen ကိုပြောပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး-တမူးလမ်းပိုင်း တိုက်ပွဲပြင်းထန်နေလို့ တမူးမြို့ကို ကုန်စည်စီးဆင်းမှုပျက်တောက်သွားတဲ့အပြင် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ လူမျိုးရေးပဠိပက္ခကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကို အင်ဖားလ်ကနေ ကုန်စည်စီးဆင်းမှု အလွန်နည်းပါးနေတာကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်က ဒေသခံများအခက်တွေ့နေကြတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်က ကလေးတမူးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဇွန်လ ၇ရက်နေ့ကတည်းက စပြီး အင်အားထောင်ချီအသုံးပြုပြီး ဝေဟင်၊ မြေပြင်နဲ့ အပြင်းအထန် ထိုစစ်ဆင်တိုက်ခိုက်ခဲ့တာ ၁လကျော်သွားပြီဖြစ်ပါတယ်။
သတင်း – S-L
ပုံစာ-တမူးမြို့စည်ပင်သာဈေး




