ဇူလိုင် ၁၇၊ ၂၀၂၆
Zalen
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စပါးဆိပ် (ပီ) ကျေးရွာမှာ ကိုလိုနီခေတ် ငွေဒင်္ဂါးပြား ၂၉၂ ပြားကို တွေ့ရှိပြီး တာဝန်သိစွာ အပ်နှံခဲ့တဲ့ မြို (ခမီ) မြေးအဖိုးနှစ်ဦးကို အာရက္ခအမျိုးသားအမွေအနှစ်ကော်မရှင်က ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ငွေသားဆု ချီးမြှင့်ခဲ့တယ်လို့သိရှိရပါတယ်။
ဦးထွန်းခိုင် (၅၈) နှစ် နဲ့ မြေးဖြစ်သူ မောင်ဆန်းရဲလင်းထိုက် (၁၄) နှစ် တို့ဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ၎င်းတို့ရဲ့ နေအိမ်မြေနေရာကို တူးဖော်စဉ် ပန်းကန်လုံးဖြင့် အုပ်ထားတဲ့ မြေအိုးအတွင်းက ငွေဒင်္ဂါးတွေ ရှာဖွေတွေ့ရှိခဲ့တာပါ။
တွေ့ရှိခဲ့တဲ့ ငွေဒင်္ဂါးတွေဟာ ၁၈၃၅ ခုနှစ်ကနေ ၁၉၁၃ ခုနှစ်အတွင်း ဗြိတိသျှကိုလိုနီခေတ် အိန္ဒိယတွင် ထုတ်ဝေခဲ့တဲ့ ငွေဒင်္ဂါးပြားအမျိုးအစား ၃၂ မျိုး ပါဝင်ပြီး၊ ၎င်းတို့အထဲမှာ ဝိတိုရိယဘုရင်မကြီး နဲ့ ဝီလျံဘုရင်ခေတ်လက်ရာတွေ ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ မြေးအဖိုးနှစ်ဦးဟာ ရှေးဟောင်းပစ္စည်းတွေကို ကိုယ်ပိုင်မပြုလုပ်ဘဲ အာရက္ခအမျိုးသားအမွေအနှစ် ကော်မရှင်ထံ တာဝန်သိစွာ အပ်နှံခဲ့သဖြင့် ၎င်းတို့ရဲ့ ရိုးသားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် မြေးအဖိုးနှစ်ဦးကို ဆုကြေးငွေအဖြစ် တဦးလျှင် ငွေကျပ် ၈,၇၆၀,၀၀၀ စီ၊ စုစုပေါင်း ငွေကျပ် ၁၇,၅၂၀,၀၀၀ ချီးမြှင့်ခဲ့ပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း မြောက်ဦးမြို့မှာ ရှေးခေတ်ငွေဒင်္ဂါး ၁၃၂ ပြားနဲ့ ရတနာပစ္စည်းတွေ တွေ့ရှိခဲ့တဲ့ လူငယ်လေးဦးကို အလားတူ ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ဖူးပါတယ်။
သတင်း-ခူမီး
ဓာတ်ပုံ-ONN




