ချင်းညီနောင်နှင့် စင်ပေါ်မှ ခုနှစ်ထွေကကြိုး

Khaisa ရေးသည်။

၁။ ချင်းညီနောင် ထုတ်ပြန်ချက် သုံးသပ်ခြင်း

Chinland Council ဖွဲ့စည်းခြင်း၏ အကျိုးဆက် ရလဒ် အနေဖြင့် ချင်းညီနောင် အဖွဲ့အစည်း​ ပေါ်ပေါ်လာပြီ ဖြစ်သည်။ ချင်းညီနောင် ဖွဲ့စည်းပေါ်ပေါက်လာရသည့် အကြောင်းအရင်းကလည်း Chinland Council ဖွဲ့စည်းမှုအပေါ် CNF ၏ လက်ဝါးကြီးအုပ်ထားမှုကို မလိုလားမှု၊ ချင်းတော်လှန်ရေးနှင့် နိုင်ငံရေးအဝိုင်းအဝန်းကို လွှမ်းခြုံမှု အားနည်းသည်ဟု ယူဆသောကြောင့် ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်က ချင်းညီနောင် သတင်းထုတ်ပြန်ချက် နံပါတ်(၁)တွင် ချင်းအမျိုးသားတည်ဆောက်ရေးအတွက် နိုင်ငံရေးနှင့်စစ်ရေးပူးပေါင်းမှုအဖြင့် ဖွဲ့စည်းထားခြင်းဟု အသိပေး ဖော်ပြထားသည်။

* ချင်းအမျိုးသားနိုင်ငံရေးလမ်းကြောင်း၊အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး၊ စစ်ရေးလမ်း​ကြောင်းသစ်ကို ဖော်ဆောင်ရန် ရည်ရွယ်ထားပုံရသည်။

ထုတ်ပြန်ချက် နံပါတ်(၂)တွင် ချင်းပြည်နယ်လုံးဆိုင်ရာကိစ္စရပ်နှင့် ချင်းအမျိုးသားတည်ဆောက်ရေးကိစ္စရပ်များကို ချင်းညီနောင် ဘုံသဘောတူညီချက်ဖြင့်သာ ဆောင်ရွက်ရမည်ဟု သတင်းစကားပါးလိုက်သည်။

* CC ကို အသိအမှတ်မပြုဘဲ CNF အပါအဝင် ဒေသန္တရကာကွယ်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပို၍တိကျခိုင်မာသော ကိုယ်စားပြုမှုနှင့် ချင်းအမျိုးသားဘုံသဘောတူညီချက်တစ်ခုကို အခြေခံရေးဆွဲပြီး အမျိုးသားရေးလမ်းကြောင်းပေါ် လျှောက်လှမ်းရန် ရည်ရွယ်ပုံရသည်။

ထုတ်ပြန်ချက် နံပါတ် (၃) တွင် စစ်ရေးအရ ထိပါးကျူးကျော်လာပါက ချင်းညီနောင်အနေဖြင့် ပူးပေါင်းခုံခံတိုက်ခိုက်မည်ဟု ကြိုတင်သတိပေးထားသည်။

* ချင်းနိုင်ငံရေးနှင့် စစ်ရေးကဏ္ဍ အရေးများတွင် ဖြစ်လာနိုင်ဖွယ်ရှိသော နောက်ဆုံးအဆင့် စစ်ရေးနည်းဖြင့် အဖြေထုတ်ရေးကို ခုခံရန်ကြိုတင် သိရှိပြင်ထားသည်မှာ ထင်ရှားပါသည်။ ဤ အခြေအနေရောက်ရှိလာပါက ရှုပ်ထွေးမှုပို၍ နက်ရှိုင်းသွားမည်မှာ မုချပင် ဖြစ်သည်။

ထုတ်ပြန်ချက် နံပါတ် (၄) တွင် ချင်းညီနောင် ဘုံသဘောတူညီချက်အရ သဘောတူဘောင်ဝင်ထားသည့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ပါဝင်နိုင်ကြောင်း အဖွဲ့ဝင်ဖြစ်နိုင်ခွင့်ကို ဖိတ်ခေါ်ထားသည်။ 

* ချင်းညီနောင်မှ ရေးဆွဲသော အားလုံးပါဝင်နိုင်မှု ချင်းအမျိုးသား​ဘုံသဘောတူညီချက်အရ မည်သူ မဆိုပါဝင်နိုင်မှုကို လမ်းကြောင်း ဖွင့်ထားခြင်းဖြစ်သည်။ ကောင်းမွန်သော လက္ခဏာဟု ရှုမြင်ပါသည်။ မတူပီနှင့် MDF အနေဖြင့် မကြာခင် ပူးပေါင်းကြလိမ့်မည်ဟု သုံးသပ်ရပါသည်။

၂။ ပကတိ အနေအထား

ချင်းညီနောင်အနေဖြင့် စစ်ရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များတွင် Chinland Council (သို့) CNF/CNA နှင့် ထိပ်တိုက်တိုးလာနိုင်ကြောင်း ကြိုတင် နားလည်ထားပေလိမ့်မည်။ နယ်မြေထိန်းချုပ်ရေးကိစ္စရပ်တွင် ပဋိပက္ခပိုမိုကြီးမားလာနိုင်ခြေရှိသည်။ CNF အနေဖြင့်လည်း Chinland Council ဖွဲ့စည်းမှု ပိုမိုခိုင်မာရေးအတွက် ကြိုးစားမည်မှာ မလွဲပေ။ 

ချင်းညီနောင်အဖွဲ့ရှိ CNC နှင့် CNO သည် ULA/AA နှင့် မိတ်ဖက်ဆက်ဆံရေးထူထောင်ထားသော အဖွဲ့အစည်း ဖြစ်သည်။ ယခုလက်ရှိတွင် ချင်းပြည်နယ် ပလက်ဝအရေး၌ ULA/AA ၏ မဟာမိတ် MTC/MDF သည် ဘက်ပေါင်းစုံတွင် ဖိအားပေးခြင်းခံနေရသည်။ ULA/AA နှင့် မိတ်ဖက်ဆက်ဆံရေးကောင်းမွန်သော အဖွဲ့များသည် ချင်းတော်လှန်ရေးနှင့် နိုင်ငံရေးလမ်းကြောင်းတွင် သူတို့၏ အာဂျင်ဒါများ ပစ်ပယ်ခံနေရသည်မှာ သံသယဖြစ်စရာ ဖြစ်လာသည်ဟု ယူဆနေကြသည်။ 

CNO ၏ ဒုတိယ ဥက္ကဋ္ဌ ဆလိုင်း ပီတာထန်းက ICNCC နှင့်လက်တွဲသွားမည်ဟု အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။ ချင်းညီနောင်သည် ICNCC ၏ မူဝါဒအောက်တွင် သွားမည်ဟု အတိအကျတော့ ဆိုလိုသလား မပြောတတ်ပါ။ လက်တွဲမည်ဟုသာပြောထားသည်။ 

ချင်းညီနောင် သတင်းစာရှင်းလင်းပွဲတွင် ချင်းညီနောင်၏ သဘောထား အယူအဆကို ထင်သာမြင်သာတွေ့မြင်ရပြီ ဖြစ်သည်။ ချင်းညီနောင်အနေဖြင့် ICNCC/CNF/CJDC နှင့် အခြားသော ကိုယ်စားပြုမှုများစုပေါင်းပြီး ချင်းပြည်အစိုးရတစ်ရပ်ကို ဖွဲ့စည်းလိုသည်ဟု ရှင်းလင်းထားသည်။ တဖက်တွင် CNF မှာ ICNCC အဖွဲ့ဝင်ဖြစ်ခြင်းမှ နှုတ်ထွက်ပြီး ICNCC ၏ Chiland Council နှင့် သက်ဆိုင်သော အာဂျင်ဒါကို သူ့မူပိုင်အဖြင့် ကွက်ကျော်ရိုက် ဖော်ဆောင်သွားသည်ဟု စွပ်စွဲထားသည်။ မြို့နယ် ၉ မြို့နယ်မှ ၃ မြို့နယ်သာ Chinland Council တွင် တရားဝင်ကိုယ်စားပြုသည်ဟု သုံးသပ်ထုတ်ဖော်သွားသည်။ 

Chinland Council က ICNCC ကို ဖျက်သိမ်းလိုက်ပြီဟု ထုတ်ပြန်သော်လည်း ICNCC က မည်သူမည်သည့် အဖွဲ့အစည်းကမျှ ICNCC ကို ဖျက်သိမ်းပိုင်

ခွင့်မရှိကြောင်း ထုတ်ပြန်ပြီး Chinland Council ကို တုံ့ပြန်သွားခဲ့သည်။ ထို့အပြင် ICNCC အနေဖြင့် ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းမည်ဟု တရားဝင် ကြေငြာချက် ထုတ်ပြန်ထားသည်။ ဤ ထုတ်ပြန်ချက်မှာ ချင်းညီနောင် ဖွဲ့စည်းပြီး မကြာခင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ချင်းညီနောင်ကလည်း ICNCC အောက်တွင် ပြန်လည်စုဖွဲ့ပြီး ဆောင်ရွက်သွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြောလာပါသည်။ ထို့ကြောင့် ICNCC ၏ ကာကွယ်ရေးကော်မတီမှာ စိတ်ဝင်စားစရာ ကောင်းနေပါသည်။

ICNCC သည် အလုပ်သိပ်မဖြစ်သော်လည်း NUG လက်အောက်ခံဖြစ်နေသည့်အတွက် ထိုက်သင့်သော နိုင်ံရေးကိုယ်စားပြုမှုကို ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်ကို သတိမူသင့်သည်။ ချင်းညီနောင်အနေဖြင့် ICNCC ၏ နိုင်ငံရေးအရ ကိုယ်စားပြုနေမှုကို အသုံးချပြီး ချင်းအမျိုးသားနိုင်ငံရေးနှင့် တော်လှန်ရေးကို ချင်းအမျိုးသားဘုံသဘောတူညီချက် မည်မျှဖော်ဆောင်နိုင်မည်နည်းဟု မေးခွန်းထုတ်စရာ ရှိလာပြီ ဖြစ်သည်။ 

Chiland Council ကလည်း NUG နှင့် ချိတ်ဆက်ပြီး အတူတကွ ချိတ်ဆက် ဆောင်ရွက်သွားမည်မှာ မလွဲပေ။ NUG ကတော့ ICNCC ၏ မိခင်အရင်းအမြစ် အဖွဲ့အစည်းဖြစ်သည်။ သို့သော်လည်း NUG ၏ မူဝါဒနှင့် ယခု Chinland Council ၏ မူဝါဒမှာ အခြေခံအားဖြင့် ခြားနားသည်ဟု ယူဆပါသည်။ 

Chinland Council သည် ချင်းအမျိုးသားရေးလမ်းကြောင်းပေါ်တွင် အခြေတည်ထားပြီး NUG သည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ အာဏာပြည်လည်အပ်နှင်းရေး၊ ယခု နဂိုရှိရင်းစွဲ ပြည်နယ်

နှင့်တိုင်းများကို မပြောင်းလဲရေး၊ NLD ဗဟိုညွှန်ကြားချက်နှင့် လမ်းညွှန်မှုကို အကောင်အထည် ဖော်ရေးဖက်သို့ ဦးတည်နေသည်ကို တွေ့ရှိရသည်။

NUG သည် ဗမာပြည်နယ်ဖွဲ့စည်းရေးကဲ့သို့သော အရေးကြီးလှသည့် အာဂျင်ဒါကို ပစ်ပယ်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုသာ တွင်တွင်ပြောနေခဲ့သည်။ ယခုချိန်အထိ တိုင်းရင်းသားလက်နက်ကိုင်များ၊နိုင်ငံရေးအဖွဲ့အစည်းများလိုလားသော တိုင်းရင်းသားများ၏ နိုင်ငံရေးအာမခံချက်ကို ပေးထားသော ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပင် ပြီးစီးအောင်မရေးဆွဲနိုင်သေးပေ။ ထို့ကြောင့် နိုင်ငံတကာ ၏ ယုံကြည်မှုအာမခံချက်ကို ထင်သလောက်မရရှိနိုင်ခြင်း ဖြစ်သည်။ 

သို့သော်လည်း တဖက်တွင် Chinland Council နှင့် ICNCC သည် NUG နှင့် ကင်းကွာ၍ မရသည်ကို အထင်းသား တွေ့မြင်နေရပြန်ပါ သည်။ ချင်းညီနောင်သည်လည်း NUG နှင့် ကင်းကွာ၍ ရမည် မဟုတ်ပေ။ NUG သည် တော်လှန်ရေးအဖွဲ့အစည်းများအတွက် နိုင်ငံရေးအရ အတိုင်းအတာတစ်ခုအထိ အသုံးချ၍ ရနေသေးကြောင်း ပေါ်လွင်ပါသည်။ 

၃။ သုံးသပ်ချက်

ချင်းညီနောင်သည် ICNCC နှင့် ပူးပေါင်းပြီး Chinland Council ပြဿနာကို ချည်းကပ် ဖြေရှင်းကာ ပြန်လည်စုဖွဲ့မှုအသစ်ကို ဖော်ဆောင်ပါလိမ့်မည်။ ICNCC သည် NUG ၏ ပစ်ပယ်ခြင်းကို ခံရပြီး CC ကို အသိအမှတ်ပြုပါက ချင်းညီနောင်၏ ဦးတည်ချက် လမ်းကြောင်း ပိတ်သွားနိုင်သည်။ 

တဖက်တွင် NUG နှင့် CC တို့နှင့် မဖြစ်မနေ စကားပြောရလိမ့်မည် ဖြစ်သည်။ NUG အနေဖြင့် CC နှင့် နိုင်ငံရေးစကားပြောရလိမ့်မည်။ NUG က ICNCC ကိုသာ အသိအမှတ် ပြုပါက CNF အနေဖြင့် K3C ဖက်ကနေ အကြပ်ကိုင်လာနိုင်သည်။ နောက်ဆုံး K3C (KIO, KNU, KNPP, CNF) တွင် KIA နှင့် KNU က NUG ကို မေးခွန်းထုတ်နိုင်သော အနေအထား ရောက်သွားနိုင်သည်။ CC အနေဖြင့် နိုင်ငံတကာဆက်ဆံရေးဆိုပြီး သီးသန့်သွားလျှင် ဝန်ကြီး ဇင်မာအောင်၏ Role ထိသွားနိုင်သည်ဟု ယူဆပါသည်။ 

CNF အနေဖြင့် CC ကို ခိုင်မာအောင် စုဖွဲ့ပြီး ဦးဆောင်ရန် ကစားကွက်များ၊ ဝှက်ဖဲများ ကိုင်ထားသည်ကို တွေ့နိုင်ပြီး ICNCC အနေဖြင့်လည်း တရားဝင်မှုကို ဆုပ်ကိုင်ကစားရန် ပြင်ဆင်ထားသည်ဟု ယူဆပါသည်။ 

ချုပ်ရလျှင် ချင်းညီနောင်အနေဖြင့် ICNCC နှင့် CNF ၏ သြဇာလွှမ်းမိုးမှုမရှိသော ချင်းနိုင်ငံရေးနှင့်တော်လှန်ရေး အရွေ့တစ်ခုသို့ ခြေလှမ်းရန် တာဆူနေသော်လည်း တစ်ကွက်မှားပါက Legitimacy ကို အသေဆုတ်ကိုင်ရန် ကြိုးစားနေသော ICNCC နှင့် CNF တို့ကြား ညှစ်ခံရနိုင်ကြောင်း သုံးသပ်မိပါသည်။ 

မှတ်ချက်။ ဤသုံးသပ်ချက်ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြင့်ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်