ချင်း လူမျိုးများ အတွေးအခေါ်ပြောင်းလဲရန် လိုအပ်ပြီ

ချင်းလူမျိုးများ မစည်းလုံး မညီညွတ်နိုင်ခြင်းဟာ မိမိလူမျိုးများ၏ ဖြစ်တည်မှုအမှန်ကို မစဉ်းစားမတွေးခေါ် မလေ့လာခြင်းလို့ ဆိုချင်ပါတယ်။ မြန်မာနိုင်ငံတော်အစိုးရမှ အတည်ပြုမှတ်တမ်းအရ ချင်းလူမျိုးနွယ်စု (၅၃)မျိုးရှိ ကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ချင်းပြည်နယ်ကို (၅၃)မျိုးသော ချင်းမျိုးနွယ်စုတွေက ပိုင်ဆိုင်ထားတဲ့ အတွက် ပြည်နယ်ကိုလည်း ချင်းပြည်နယ်လို့ခေါ်ဆိုထားတာ ဖြစ်ပါတယ်။

မျိုးနွယ်စု (၅၃)မျိုးက ပိုင်ဆိုင်ထားတယ်လို့ ပြောဆိုရာမှာ ဘိုးဘွားလက်ထဲက မျိုးနွယ်စုအလိုက် နယ်မြေကို သီးသန့်ခွဲခြားကာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အုပ်ချုပ်နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းလူမျိုးနွယ်စု တို့ နေထိုင်တဲ့ နယ်မြေဟာ ထိုမျိုးနွယ်စုတို့၏ ပိုင်ဆိုင်သော နယ်မြေဖြစ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်တွင် တချို့သော လူမျိုးစုများက ပညာတတ်များရှိပြီး တိုးတက်သော လူမျိုးစုများရှိသလို၊ တချို့လူမျိုးများဟာ ပညာရေး အားနည်းချက်ကြောင့် ဖွံ့ဖြိုးရေးမှာ နိမ့်ကျသော လူမျိုးစုများလည်းရှိပါတယ်။ လွတ်လပ်ရေးရပြီး ချင်း ဝိဒေသတိုင်းနာမည်နဲ့ ဖွံ့စည်းအုပ်ချုပ်ပုံ ရေးဆွဲတဲ့အချိန်မှာ ချင်းမျိုးနွယ်စု ဆက်စပ်နေထိုင်မှု ပထဝီနယ်မြေကို အခြေမခံဘဲ အုပ်ချုပ်စီမံခန့်ခွဲ့ရေး အဆင်ပြေမှုကို ဦးစားပေးလုပ်ဆောင်တာကို တွေ့ရတယ်။

ခေတ်စနစ်ပြောင်းလဲလာတဲ့အချိန်မှာ လူငယ်တွေက မိမိလူမျိုးနွယ်စုတွေ မတိုးတက်မဖွံ့ဖြိုးရခြင်းဟာ ထိုက်သင့်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးအခွင့်အရေးတွေ မရရှိခြင်းကြောင့် ဖြစ်တယ်ဆိုတာ တွေးခေါ်လာြကပါတယ်။ ယခင် ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် အုပ်ချုပ်တဲ့ခေတ်မှာ ဘယ်လိုမှ မိမိလူမျိုးစုများ အခွင့်အရေးရရှိအောင်ဆောင်ရွက်ရန် အခွင့်မသာခဲ့ကြပေ။ ဒါကြောင့် စစ်အစိုးရကို တော်လှန်ရန် အခြေအနေ ပေါ်ပေါက်လာတဲ့အချိန်မှာ စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရင်း မိမိလူမျိုးစုများ အခွင့်အရေးရရှိရေးကိုပါ ရှာဖွေလာကြတာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ လူမျိုးစုများသလောက်လူဦးရေနည်းပါးပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်တဦးဦးက နာမည်ထင်ပေါ် ကျော်ကြားလာတဲ့သူရှိလာရင် ဘယ်လူမျိုးစုလဲ သဘောတရားဘယ်လိုလဲ ခန့်မှန်းသိရှိနိုင်ကြတာဖြစ်ပါတယ်။ ဘိုးဘွားလက်ထက်က တွေးခေါ်မှုဟာ အချို့လူတွေဆီမှာ ယနေ့တိုင် တွယ်ကပ်လျှက်ရှိနေသေးတာ တွေ့ရှိရတယ်။ အချင်းချင်းအပေါ် လွှမ်းမိုးချင်တဲ့ ဆန္ဒ၊ အသာရချင်သော သဘောထားရှိနေမယ်ဆိုရင် စည်းရုံးရေး အောင်မြင်မှု ခက်ခဲနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်တည်မှုသဘောကို လက်ခံပြီး မျိုးနွယ်စုများ အချင်းချင်း လေးစားအသိမှတ်ပြုရန် လိုအပ်သလို တန်းတူအခွင့်အရေးရရှိရန် ဆောင်ရွက်ဖို့လဲ လိုအပ်ပါတယ်။

ယနေ့ တော်လှန်ရေးကာလပြီးဆုံးတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဉပဒေဟာ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဟာလဲ ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့မူကို အခြေခံပြီး ရေးဆွဲရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ချင်းပြည်နယ်ရှိ လူမျိုးနွယ်စုများရဲ့ ဆန္ဒသဘောထားကို အတတ်နိုင်ဆုံးပါဝင်ဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ပါတယ်။  ဒါမှ မဟုတ်ရင် စည်းရုံးရေး၊ ညီညွတ်ရေးဟာ အားနည်းနေအုံးမှာ ဖြစ်ပါတယ်။

ဒါ့ပြင် နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ပြည်နယ်၊ တိုင်းတွေနဲ့ ဆက်ဆံရေးပြေလည်ဖို့လည်း အရေးကြီးလာပါတယ်။ အကြောင်းကတော့ ဖယ်ဒရယ်ဖွဲ့စည်းပုံအရ မိမိ၏ တိုင်း/ပြည်နယ်ဖွံ့စည်းပုံရေးဆွဲတဲ့အခါမှာ မိမိဒေသ အကာအကွယ် ရရှိရေးကို ဦးစားပေးရေးဆွဲလာကြရမှာ ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှုလဲ လျှော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်ချင်းဆက်စပ်တဲ့ဒေသတွေနဲ့ ဆက်ဆံရေးဟာ ပိုပြီး အရေးကြီးလာမှာ ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်နဲ့စပ်လျဉ်းပြီး လူမျိုးရေးခွဲခြားမှုဆံသော ပြောဆိုရေးသားမှုတွေကို ကြားသိနေရတဲ့အတွက် လေးလေးနက်နက် စဉ်းစားရန် လိုအပ်ပါတယ်။ ပလက်ဝမြို့နယ်မှာ ခူမီး၊ ရခိုင်၊ လေးမျိုးချင်း၊ မရာ၊ခေါင်ဆို၊အနု၊ ပနမ်းဆိုပြီး လူမျိုးစု (၇)မျိုး နေထိုင်ကြပါတယ်။ လွတ်လပ်ရေးမရမီ အဂႅလိပ်အုပ်ချုပ်သူတွေက လွတ်လပ်ရေးရရှိ ပြီး နယ်မြေခွဲဝေတဲ့အချိန်မှာ ရခိုင်ရိုးမမြောက်ပိုင်းမှာ နေထိုင်တဲ့ လူမျိုးနွယ်စုရဲ့သဘောထားကို သိရှိနိုင်ရန် ဖော်ပြပါ လူမျိုးစုတို့ရဲ့ ကိုယ်စားလှယ်တွေကို အဂႅလိပ်နန်းရေးဝန်မောင့်ဘက်တန်က ခရစ်သက္ကရာဇ် – ၁၉၄၆၊ မြန်မာသက္ကရာဇ် ၁၃၀၈ ခုတွင် ရန်ကုန်မြို့၌ ခေါ်ယူဆွေးနွေးခဲ့ပါတယ်။ အကြောင်းကတော့ ရခိုင်ဒေသနှင့် ချင်းဒေသမှာ ပါဝင်ရေးသဘောထားကို မေးမြန်းဆွေးနွေးခြင်းဖြစ်ကြောင်း မှတ်တမ်းအရ သိရှိရပါတယ်။ ခူမီးမျိုးနွယ်စုထဲမှ (၁) ဦးထပ်လှိုင်၊ (၂) ဦးတင်းကုန်း၊ (၃) ဦးစိုးဝန်း၊ ရခိုင်မျိုးနွယ်စုမှ (၁) ဦးစောလှ၊ (၂) ဦးထွန်းမြ၊ မရာမျိုးနွယ်စုမှ ဦးထိန်တူး၊ လေးမျိုးချင်းမျိုးနွယ်စုမှ ဦးမောင်ညှာ တို့ကို ခေါ်ယူဆွေးနွေးခဲကြရာ အများစုကချင်းဒေသတွင် ပါဝင်နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြရာမှ ပလက်ဝမြို့နယ်ဟာ ချင်းဒေသတွင် ပါဝင်လာရခြင်း ဖြစ်ပါတယ်။ ယခု တော်လှန်ရေးကာလပြီးမြောက်တဲ့အခါမှာ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြန်လည်ရေးဆွဲရမှာ ဖြစ်သည့်အတွက် တော်လှန်ရေးနဲ့နိုင်ငံရေး ဖြစ်စဉ်ကို ဆင်ခြင် စဉ်းစားရန် လိုအပ်ပါတယ်။ ဒီအချိန်မှာ ပလက်ဝမြို့နယ်ရှိ လူမျိုးစုတွေရဲ့ သဘောထား သဘောတူညီမှုဟာ အရေးကြီးလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ခူမီးမျိုးနွယ်စုတွေဟာ ပလက်ဝမြို့နယ်မှာ နေထိုင်သူတွေထက် ရခိုင်ပြည်နယ်မှာ နေထိုင်သူများနေတာကို တွေ့ရပါတယ်။ ပထဝီနယ်မြေအရ ကူးလူးဆက်ဆံတဲ့နေရာမှာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေနဲ့ ၎င်းရောနှောနေထိုင်ဆက်သွယ်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ပလက်ဝမြို့နယ်ရှိ လူမျိုးနယ်စုတွေရဲ့ အကျိုးကို လိုလားသူများအနေနဲ့ လူမျိုးခွဲခြားရေးဆံတဲ့ အပြောအဆို၊ အရေးအသားတွေဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ဦးတည်စေမှာ ဖြစ်ပါတယ်။ ပလက်ဝမြို့နယ်မှာ အမှန်တကယ်အခြေချနေထိုင်သူလူမျိုးစုတွေဟာ အချင်းချင်း လူမှုဆက်ဆံရေးဟာ အမြဲရှိနေ မှာဖြစ်ပါတယ်။ ရောင်းဝယ်ဖေါက်ကားမှုလည်းရှိနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဝမ်းကွဲပြားစေပြီး လူမျိုးခွဲခြားမှုဆံသော အပြောအဆိုအရေးအသားတွေအစား ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်နိုင်ရေး နည်းလမ်းကိုသာ ရှာဖွေရန် လိုအပ်ကြောင်း တင်ပါအပ်ပါတယ်။

ပြုစုရေးသားသူ – C. Raw Ma

နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်