ဆရာဝန်ဖြစ်ချင်တဲ့နွားကျောင်းသား

သတင်းဆောင်းပါး-ကိုသူရေးသည်။

မြန်မာနိုင်ငံတွင်း အဝေးပြေးကားလမ်းမကြီးတခုနံဘေး တောအုပ်လေးတခုမှာ မနက် ၁၀ နာရီအချိန်ဆို ခလောက်သံတွေနဲ့ ဆူညံနေတတ်ပါတယ်။ အဲဒီ တောအုပ်ထဲမှာတော့ တုတ်တချောင်းကိုင်ပြီး ဟိုဟိုဒီဒီပြေးလွှားနေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးငယ်တဦးကို အမြဲလိုလို တွေ့ရတတ်ပါတယ်။

အသက် ၁၂ နှစ်အရွယ် အဲဒီကလေးငယ်ရဲ့အမည်က မောင်မျိုးပိုင် (အမည်လွှဲ) ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကျေးရွာတခုမှာ နေထိုင်သူဖြစ်ပါတယ်။ သူဟာဖြင့် စစ်ဘေးရှောင်ကျေးရွာတွေက နွားတွေကို အခကြေးငွေယူပြီး အငှားထိန်းကျောင်းတဲ့အလုပ်ကို လုပ်ကိုင်သူပါ။ နွားပိုင်ရှင်တွေဟာ တိုက်ပွဲကြောင့်ရွာမှာမနေရဲကြတော့ဘဲ တခြားရွာကအမျိုးအိမ်မှာနေထိုင်တဲ့သူနဲ့ မြို့ပေါ်မှာ အိမ်ငှားရမ်းနေထိုင်ကြသူနဲ့ဖြစ်နေကြတယ်။ ဒါကြောင့် ရွာထဲမှာကျန်ရစ်တဲ့ သူတို့နွားကို မောင်မျိုးပိုင်က နေ့စဉ်ကျောင်းပေးတာပါ။

အခုလို နွား အငှားထိန်းကျောင်းတဲ့အလုပ်ကို ဒီနှစ် မေလပိုင်းကစလို့ လုပ်ကိုင်လာတာဖြစ်ပြီးတော့ စားဝတ်နေရေးမပြေလည်တဲ့မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့လုပ်တာလို့ သူကပြောပါတယ်။

photo_2022-11-25_09-06-45

“နွားကျောင်းတာကလား။ အခုမှခြောက်လလောက်ပဲရှိသေးတယ်။တစ်လဆိုနှစ်ပတ်လည်ကျောင်းတာ။ တစ်လဘယ်လောက်ပေးမလဲဆိုတာလဲမသိဘူး”

မောင်မျိုးပိုင် (အမည်လွှဲ) ထိန်းကျောင်းရတဲ့ နွားအကောင်ရေက ၂၀ လောက်ရှိပြီး ဒီအတွက် လုပ်အားခ ဘယ်လောက်ရသလဲ ဆိုတာ သူကိုယ်တိုင် သေချာမသိပါဘူး။ ဒါပေမယ့် ဘယ်စားကျက်မြေက အစာပေါတယ်ဆိုတာကိုတော့ သူကောင်းကောင်းသိပါတယ်။ နွားစာရှားပါးတဲ့ မိုးရာသီကာလဆိုရင် ၁၀ မိုင်ကျော်ခရီးလောက် လမ်းလျှောက်ရပြီး တရက်ကို နှစ်ကြိမ်လောက် ကျောင်းရတယ်လို့ သူကပြောပါတယ်။

“မိုးဦးကျတုန်းကနေတွေတအားပူတုန်းကတော့အခုလို နေ့လည်မကျောင်းဘဲနဲ့ မနက်လင်းပြီးလို့၆နာရီ ထမင်းစားပြီးရင်ကျောင်း၊ကျောင်းပြီးရင် ၁၀ နာရီထိုးကိုသွင်း အဲ့ဒါပြီးရင် ၂ နာရီထိုးကျရင်ပြန်ကျောင်းပြီးတော့မှ ၄နာရီလောက်၊၅ နာရီထိုးလောကက်ဆိုသွင်းတော့တာ၊နှစ်ခါ နှစ်ချိန်ကျောင်းတာ၊အဲ့ဒီတုန်းကလယ်တွေမစိုက်သေးတော့ ရွာဘက်မှာပေါတယ်။”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်ဆိုတာကို မောင်မျိုးပိုင် (အမည်လွှဲ) မသိပါဘူး။ ဒါပေမယ့် သူ နေ့စဉ် နွားကျောင်းနေတဲ့ တောအုပ်အနီးမှာ ပစ်ကြခတ်ကြတာတွေကိုတော့ သူသိပါတယ်။ဘယ်သူတွေ ပစ်ကြခတ်ကြတာလဲဆိုတာတော့ သူ သေချာမသိပါဘူး။ ဒါပေမယ့် အဲဒီလို ပစ်ကြခတ်ကြပြီဆိုရင် နွားတွေကို ဖြစ်ချင်ရာဖြစ် ပစ်ထားခဲ့ရသလို ကိုယ်တိုင်လည်း ဘေးလွတ်ရာ ခိုဝင်ပုန်းအောင်နေရတယ်လို့ သူအတွေ့အကြုံကိုပြောပြပါတယ်။

photo_2022-11-25_09-08-06

“လယ်ကွင်းနားမှာနေထိုင်နေတုန်း စစ်သားတွေက ဟိုးနားလေးရောက်သေးတယ်၊မိုင်းက အဲ့နားကြီးမှာနှစ်လုံးကွဲပစ်တာ။ဖုန်တွေကိုထွက်လို့”

လက်ရှိမှာတော့ သူနေထိုင်တဲ့ကျေးရွာအနီး တိုက်ပွဲမဖြစ်တာ တလကျော်လောက် ရှိပြီဖြစ်တာကြောင့် အစာပေါတဲ့ ဒီတောအုပ်ကို တရက်မှာတကြိမ်ပဲထွက်ပြီး နွားကျောင်းဖို့လိုတယ်လို့ သူကပြောပါတယ်။ ဒါကြောင့် သူ့နွားတွေဟာ ဝဖီးနေပြီး ကျန်းမာရေးကောင်းတယ်လို့လည်း အားရပါးရပြောပါတယ်။

“တိုက်ပွဲတွေလာတဲ့အခါရွာဘက်မှာကျောင်းတာ။ဒါပြီးအရင်တစ်ခါလက်နက်ကြီးထုတုန်းကဆို အိမ်ဝန်းထဲတင်ကျောင်းတာ။အိမ်ဝန်းထဲမှာကျယ်တယ်။”

သူဟာ မေးတဲ့မေးခွန်းတွေကိုဖြေရင်း တောအုပ်ထဲက သူ့နွားတွေဆီလည်း ခကြာခဏ လှမ်းလှမ်းကြည့်ပါတယ်။ ခနကြာတဲ့အခါ ကိုက်တရာလောက်ဝေးတဲ့ တောအုပ်ထဲက ဖန်ခါးသီးပင်အောက်မှာ အသီးသွားကောက်ပါတယ်။ နေအိမ်မှာကျန်ခဲ့တဲ့ မိဘနှစ်ပါးနဲ့ သူ့ညီလေးအတွက် အသီးကောက်တာလို့ သူကပြောပါတယ်။

မောင်မျိုးပိုင် (အမည်လွှဲ)မှာ သူအပါအဝင် မိသားစုလေးယောက်ရှိပါတယ်။ အရင်ကတော့ ဒီလိုနွားကျောင်းတဲ့အလုပ်ကို မလုပ်ရဘဲ သူငယ်ချင်းတွေနဲ့ ကစားတယ်လို့ သူကပြောပါတယ်။ သူဟာ တတိယတန်းအထိသာ ပညာသင်ကြားခဲ့ရသူပါ။ လက်ရှိမှာတော့ ကလေးဘာသာဘာဝ ပြေးလွှားဆော့ကစားခွင့် မရသလို ကျောင်းခန်းပိတ်ထားတာကြောင့် ပညာလည်း ဆက်သင်ခွင့်မရဘူးလို့ သူကပြောပါတယ်။

အရင်က သူ့မိသားစုနေထိုင်တဲ့ ကျေးရွာအနီး တိုက်ပွဲတွေဖြစ်တာကြောင့် တောတောင်တွေထဲ နေထိုင်ခဲ့ရပြီး လက်ရှိမှာတော့ နေရပ်ကိုပြန်လာတာ ခြောက်လကျော်ရှိပြီလို့ သူကပြောပါတယ်။ ဒီလို နေထိုင်နေရပေမယ့်လည်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး လက်နက်ကြီးနဲ့ထုမှာ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ပြောပါတယ်။ သူနေထိုင်တဲ့ကျေးရွာမှာ လူဦးရေတထောင်ကျော်ရှိပြီး ပြန်လည်နေထိုင်သူ နှစ်ရာလောက်ပဲရှိတယ်လို့ သူကပြောပါတယ်။

သူက တောအုပ်ကြားမှာ အစားစားနေတဲ့နွားအုပ်ကိုကြည့်ရင်း ဒီနေရာမှာ တိုက်ပွဲတွေထပ်ဖြစ်လာရင် စားကျက်ပျောက်ပြီး နွားတွေပိန်ကုန်မှာ စိုးရိမ်တယ်လို့ ညည်းတွားပါတယ်။

အသက် ၁၂ နှစ်အရွယ် နွားကျောင်းသားလေးမှာ အနာဂတ်ရည်မှန်းချက်တခုခုများ ရှိနေပါသလား …

“ဆရာဝန်ဖြစ်ချင်တယ်၊သူများတွေကိုဆေးကုချင်လို့”

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်