ဗန်းမော်နဲ့ မံစီမြို့မှာ တိုက်ပွဲပြင်းထန်နေ

Zalen

ဒီဇင်ဘာလ ၄ရက်၊ ၂၀၂၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ မံစီမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်မြို့နဲ့ မံစီမြို့တို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ ဒီဇင်ဘာလ ၄ရက်နေ့ မနက် ၅နာရီအချိန်ခန့်ကစလို့ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

“ဗန်းမော်မြို့နဲ့ မံစီမြို့တို့က စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းအားလုံးကို တိုက်ခိုက်နေတာပါ။ ဗန်းမော်နဲ့ မံစီ သွားလမ်းက တပ်စခန်း၊ စစ်ဆေးရေးဂိတ်၊ ကာကင်းတချိုကိုလည်း သိမ်းပိုက်ရရှိထားပါပြီ။”လို့ ဗန်းမော်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

ဗန်းမော်နဲ့ မံစီ သွားလမ်းက စစ်ကောင်စီတပ်ရဲ့ ညောင်ပင်သာ စစ်ဆေးရေးဂိတ်၊ ခလရ ၄၇ တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခု၊ ဗန်းမော် တက္ကသိုလ်ဝင်းက စစ်ကောင်စီတပ်နေရာတို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

ဒါ့အပြင် ခမရ ၃၁၉ တပ်ရင်း၊ ခမရ ၆၀၁ တပ်ရင်း၊ ခမရ ၃၅၂ တပ်ရင်း၊ ခလရ ၄၇ တပ်ရင်း စတဲ့နေရာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာတွေက မြို့နဲ့အနီးနား ဝန်းကျင်တွေမှာဖြစ်နေကြတာပါ။ နှစ်ဖက်လက်နက်ကြီးကျည်တွေကြောင့် အရပ်သားတွေဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။”လို့ ဗန်းမော်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိ ဗန်းမော်မြို့နဲ့ မံစီမြို့တို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်ဖြတ်တောက်ထားပါတယ်။ ဗန်းမော်မြို့ဟာ စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ နေရာလည်းဖြစ်ပါတယ်။

ဗန်းမော်မြို့နဲ့ မိုးမောက်မြို့ ၇ မိုင်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ မနေ့ ဒီဇင်ဘာလ ၃ရက်နေ့ကတည်းက တိုက်ပွဲတွေပြင်းထန်နေသလို ဒီကနေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွင်းကလည်း ကချင်အထူးဒေသ (၁) က ချီဖွေမြို့နဲ့ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုင်တည်စတဲ့ မြန်မာ – တရုတ် နယ်စပ်မြို့တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ လွယ်ဂျယ်၊ မြို့လှ၊ မြို့သစ်၊ ဒေါ့ဖုန်းယန်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့မြို့တွေကို သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။ မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ...

ဆက်ဖတ်ရန်