မေလ ဒုတိယပတ်ကစပြီး ချင်းပြည်နယ်ကနေ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်လာသူ ၉၀၀ ကျော်ရှိ

၂၄၊ မေလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ မြောက်ပိုင်း တွန်းဇံမြို့တိုက်ပွဲနဲ့ အခြားသော အကြောင်းအရာတွေကြောင့် မေလ ဒုတိယ ပတ်က မီဇိုရမ်ထဲကို စစ်ဘေးရှောင်လာသူ ၉၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

ချင်းတော်လှန်ရေး ပူးပေါင်းတပ်မှ တွန်းဇံမြို့နဲ့ ကျီခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ အချိန်ကစပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု အဆမတန်ပြုလုပ်နေတာ ကြောင့် ဒေသခံပြည်သူများဟာ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်ကြတဲ့ သူတွေဖြစ်ပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်တာကြောင့် မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မီဇိုရမ်၊ ကျန်ဖိုင်ခရိုင် Vaikhawtlang ရွာ၊ Khuangphah ရွာ နဲ့ Hnahlan ရွာထဲကို ချင်းစစ်ဘေးရှောင် ၉၃၈ ဦး ဝင်လာ ခဲ့ပြီး Saitual ခရိုင် မှာ ၁၆၈ ဦးနဲ့ ရှာဟာ ခရိုင်အတွင်းမှာ ၁၉၈ ဦးတို့လည်း ဝင်လာခဲ့တယ်လို့သိရပါတယ်။

မေလ ၂၂ ရက်နေ့ကလည်း ကောလဟာလသတင်းကြောင့် ရိခေါ်ဒါရ်မြို့ပြည်သူတွေဟာ ချောင်းတဖက် မီဇိုရမ်သို့တိမ်းရှောင်သွားကြပြီး ညနေပိုင်းတွင်နေရပ်ပြန်ကြတယ်လို့သိရတယ်။

ရှာဟာ ခရိုင်ထဲကို ဝင်လာသူတွေက ချင်းပြည်နယ်၊မာရာ ရွာတွေဖြစ်ကြတဲ့ Vairum၊ Salachuah၊ Laty၊ Bakla၊ Piedo၊ Bakalei နဲ့ Tisavai ရွာတို့ကနေ ဝင်လာသူတွေဖြစ်ပြီး CDF-Mara နဲ့ MDF တို့ကြားဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် ဝင်လာသူတွေဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်က ခူမီးချင်းလူမျိုး ၂၂ ဦးဟာ ရက္ခိုင့်တပ်တော် AA ရဲ့ တပ်သားသစ် စုစောင်းမှုကြောင့် မီဇိုရမ်ပြည်နယ်၊ လုံလေခရိုင်ထဲကို ဝင်ရောက်လာခဲ့ကြတယ်လို့သိ ရပါတယ်။

ဒါကြောင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ စပြီး ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်နေ့ အထိ ချင်းပြည်နယ်အတွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေ ကြောင့် မီဇိုရမ်ထဲကို စစ်ဘေးရှောင်လာသူ ၃၅၄၈၉ ဦးအထိရှိ လာပြီလို့သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

တီးတိန်မြို့အတွက် မတူပီမြို့က ပေးတဲ့ သင်ခန်းစာ 

Taawl ရေးသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်ဟာ လူမျိုးနွယ်စုအများဆုံး၊ ဘာသာစကားအများဆုံးနှင့် မတူညီတဲ့ ယဉ်ကျေးဓလေ့ထုံးတမ်း အများဆုံး ရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီလို မျိုးနွယ်စုများစွာ၊ မတူညီတဲ့ ဘာသာစကားများစွာရှိခြင်းဟာ အပြန်အလှန် အသိအမှတ်ပြုမှုများ ရှိပါက ခွန်အားတစ်ခု ဖြစ်လာနိုင်ပေမဲ့ ...

ဆက်ဖတ်ရန်