မြိုင်မြို့နယ်တွင် PDF ခေါင်းဆောင်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်

စက်တင်ဘာ ၁ရက်၊၂၀၂၃

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – နဂါးနီတပ်ခွဲ၏ ခေါင်းဆောင် ဗိုလ်ယက္ခသည် သြဂုတ်လ ၃၀ရက်နေ့တွင် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရပါသည်။

ဗိုလ်ယက္ခသည် ဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ပြီးလက်နက်ဖိုးအကြွေးများပေးစရာ များလွန်းသောကြောင့် စိတ်ဖိစီးမှုဒဏ်ဖြင့် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း နီးစပ်ရာရဲဘော်များထံမှ သိရသည်။

ဗိုလ်ယက္ခ၏ အဆုံးစီရင်မှု ဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဟုတ်မှန်ကြောင်းအတည်ပြုပြောဆိုပါသည်။

“ကြားရတဲ့သတင်းက စိတ်ထိခိုက်စရာပဲ။ မြိုင်နယ်ထဲက PDF ခေါင်းဆောင်တစ်ယောက် လက်နက်ခဲယမ်းဖိုး အကြွေးတွေများလွန်းလို့ ပြန်ဆပ်ဖို့ မလွယ်ကူတာကြောင့် သူ့ကိုယ်သူ နားထင် ပစ္စတိုနဲ့တေ့ပစ်ပြီး အဆုံးစီရင်သွားသတဲ့။တချို့တချို့တွေ ကားအကောင်းစားကြီးတွေ စီး အိမ်အကောင်းစားကြီးတွေဆောက် တော်လှန်စီးပွားရေးတွေလုပ်လို့ အဆင်ပြေနေတဲ့အချိန်မှာဒီလိုသတင်းတွေကြားရတော့ ရင်ထဲ တကယ်ဝမ်းနည်းရပါတယ်။ တော်လှန်ရေးဟာ တကယ်လုပ်ရင် မွဲတဲ့အကြောင်း ဗိုလ်ယက္ခက သက်သေပြသွားခဲ့တာပဲ။ နောက်ဘဝဆိုတာ ရှိခဲ့ရင် ဒီနိုင်ငံမှာ လူလာမဖြစ်ပါနဲ့ဗျာ”ဟု ကျားသစ်နက်တပ်မတော် – မြိုင်တပ်ခွဲမှ ကိုမိုးစက်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

 ဗိုလ်ယက္ခသည် စစ်ကောင်စီတပ်မှ CDM ပြုလုပ်လာကာ တော်လှန်ရေးတပ်ဖွဲ့များကို စစ်ပညာသင်ပေးခဲ့သော စစ်သားဟောင်းတစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ယက္ခအပါအဝင် အညာဒေသရှိ တော်လှန်ရေးသမားများသည် ကိုယ်ကျိုးစီးပွားရေးကို လျစ်လျူရှု၍ မိမိငွေဖြင့်မိမိ စစ်ကောင်စီတပ်ကို တော်လှန်နေကြခြင်း ဖြစ်သည်ဟု မြိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်အောက်ရှိ နဂါးနီတပ်ခွဲသည် ဒေသတွင်းအခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ခုခံတော်လှန်တိုက်ခိုက်မှုများ လုပ်ဆောင်နေသော တပ်ဖွဲ့ဖြစ်သည်။

ပုံ – မြိုင်တော်လှန်ရေးတပ်သားတစ်ဦး ပုံစာ – ဗိုလ်ယက္ခ၏နာရေးအား တွေ့ရစဥ်

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်