ဇန်နဝါရီ ၂၇၊ ၂၀၂၆
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေရှိနေပေမဲ့ အီရန်နိုင်ငံဟာ စစ်ကောင်စီအတွက် လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေကို လျှို့ဝှက်နည်းလမ်းတွေနဲ့ တင်ပို့နေတယ်လို့ ရိုက်တာသတင်းဌာနဲ့ Amnesty International တို့က ပူးတွဲဖော်ထုတ်လိုက်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ အီရန်ဟာ Reef နဲ့ Noble အမည်ရှိ ဆီတင်သင်္ဘောတွေကို အသုံးပြု၍ ၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ ဒီဇင်ဘာလအတွင်း လေယာဉ်ဆီ တန်ချိန် ၁၇၅,၀၀၀ ခန့် တင်ပို့ခဲ့ပါတယ်။

၂၀၂၅ စက်တင်ဘာလအတွင်းက “Reef” သင်္ဘောဟာ အီရတ်ကမ်းလွန်တွင် ရှိနေကြောင်း AIS (သင်္ဘောတည်နေရာပြစနစ်) မှာ ဖော်ပြထားပေမဲ့ လက်တွေ့မှာ အီရန်နိုင်ငံ၊ ဘန်ဒါအဘတ်စ် ဆိပ်ကမ်းမှာ ဆီတင်နေတာဖြစ်ပါတယ်။
သင်္ဘောဟာ ဘင်္ဂလားဒေ့ရှ်သို့ သွားနေသယောင် တည်နေရာအမှားတွေ ပြသခဲ့ပေမဲ့လည်း အမှန်တကယ်မှာ ရန်ကုန်မြို့အနီးရှိ ဆီတင်ဆိပ်ကမ်းသို့ လာရောက်ဆိုက်ကပ်ခဲ့တာဖြစ်ပါတယ်။
အီရန်မှ လေယာဉ်ဆီနဲ့ ယူရီးယား (ဗုံးထုတ်လုပ်ရာ သုံးနိုင်တဲ့ ကုန်ကြမ်း) တွေ ရရှိပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ၂ ဆကျော် မြင့်တက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ လအတွင်း အရပ်သားပစ်မှတ်ပေါင်း ၁,၀၀၀ ကျော် အထိ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ အီရန်တို့ရဲ့ ဆက်ဆံရေး ပေါ်ပေါက်လာချိန်မှာပင် အရှေ့အလယ်ပိုင်းမှာ စစ်ရေးအခြေအနေမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်နဲ့ လေယာဉ်တင်သင်္ဘော USS Abraham Lincoln တိုက်ခိုက်ရေးအုပ်စုဟာ အရှေ့အလယ်ပိုင်းသို့ တာဝန်ယူရတဲ့ CENTCOM နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း အမေရိကန်ကို တုံ့ပြန်ရန် “သေနတ်မောင်းခလုတ်ပေါ် လက်တင်ထားပြီ” ဟု ပြင်းထန်စွာ သတိပေးထားပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#အီရန်#စစ်ကောင်စီ#လေယာဉ်ဆီ#Zalen










