ဧပြီ ၈၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ မရာဒေသမှာ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MDF) က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ဒေသခံလူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ပလက်ဝမြို့နယ်၊ ရကားကျေးရွာတွင် Mara Thotlia Py (MTP) အဖွဲ့မှ ကြီးမှူးကျင်းပသော ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွင်း MDF တပ်ဖွဲ့ဝင် အင်အား ၇၀ ခန့် လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်လာပြီး ပွဲကြည့်ပရိသတ်တွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီဖမ်းဆီးခံရသူထဲက သက်ကြီးပိုင်းကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့လည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် လူငယ် ၁၀၀ ကျော်ကို မော်တော်ယာဉ် ၇ စီးနဲ့ လိုင်လင်းပီမြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ဘောလုံးပွဲမှာ MDF တပ်ဖွဲ့ဝင်တွေ မော်တောယာဥ်ကားတွေနဲ့ လက်နက်ခဲယမ်း၊ ယူနီဖောင်း အပြည့်အစုံနဲ့ ဝင်ရောက်လာပါတယ်။ အဲမှာ ပွဲကြည့်တဲ့ အမျိုးသား အယောက် ၁၀၀ ကျော်ဖမ်းပြီး အသက်ကြီးတွေကို ပြန်လွတ်ပေးတယ်။ အသက်မပြည့်သူတွေအပါအဝင် အယောက် ၁၀၀ ကျော် ဖမ်းခေါ်သွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူတွေအနက် ၇၀ ခန့်မှာ ယာဉ်ပေါ်မှာ နေရာမဆံ့တဲ့အတွက် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ ကျန်ရှိနေသေးပြီး ၎င်းတို့ကို ပြန်လည်လွှတ်ပေးရန် ကျေးရွာလူကြီးတွေက တောင်းဆိုထားသေးပေမဲ့ ထူးခြားမှု မရှိသေးဘူးလို့သိရပါတယ်။
MDF အနေနဲ့ အခုစစ်မှုထမ်းရန် ဖမ်းဆီးမှုနဲ့ ပတ်သက်၍ ကျေးရွာဥက္ကဋ္ဌတွေနဲ့ တာဝန်ရှိသူတွေက လူငယ်တွေအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် သွားရောက် တွေ့ဆုံ ဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ လူငယ်တွေကို ဖမ်းဆီးမှုနဲ့ပတ်သက်လို့ MDF တာဝန်ရှိသူတွေထံ ဆက်သွယ်ထားပေမဲ့ ဖြေကြားခဲ့ခြင်း မရှိသေးပါဘူး။
MDF ဘက်က မရာဒေသရှိ အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဖြစ်တယ်လို့ ဒီနေ့ ဧပြီလ ၈ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ဒုတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်အရ ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
MDF ဟာ ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်ပြီး အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ပြုထားဖြစ်ပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ- Ai
#MDF#စစ်မှုထမ်းဥပဒေ #ပြဋ္ဌာန်း#Zalen



















