ဇူလိုင် ၁၅၊ ၂၀၂၆
Zalen
ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ခရီးသည်တွေအနေနဲ့ ကိုယ်တိုင်သုံးနေတဲ့ ဖုန်းအပါအဝင် လက်ကိုင်ဖုန်း ၂ လုံးပဲ သယ်ခွင့်ရတော့မယ်လို့ CEIR နဲ့ EIR စနစ် စီမံကိန်း ဦးစီးကော်မတီက ဇူလိုင်၁၄ ရက်က ထုတ်ပြန်ပါတယ်။
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ဝင်လာမယ့် ခရီးသည်တွေအားလုံးနဲ့ သက်ဆိုင်တာပါ။
ပြည်တွင်းကို ဝင်လာတဲ့အချိန်မှာ CEIR စနစ်ထဲ မှတ်ပုံမတင်ရသေးတဲ့ ဖုန်းတွေပါလာရင် လေဆိပ် အကောက်ခွန်ကောင်တာမှာ PD Form (Passenger Declaration Form) ဖြည့်ပြီး ဖုန်းရဲ့ IMEI နံပါတ်ကို မဖြစ်မနေ ဖြည့်သွင်းရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဖုန်းတွေကို CEIR စနစ်ထဲ မှတ်ပုံတင်ဖို့အတွက် CEIR OSS အဖွဲ့ဆီမှာ လျှောက်လွှာ၊ ပတ်စ်ပို့မိတ္တူ၊ Boarding Pass၊ လေယာဉ်လက်မှတ်နဲ့ လေဆိပ်က ဖြည့်ခဲ့တဲ့ PD Form မူရင်းတွေနဲ့ လျှောက်ထားရမှာပါ။
ခရီးသည်တဦးဟာ ၁နှစ်ကို ဖုန်း ၂ လုံးပဲ ပိုင်ဆိုင်ခွင့်ရှိမယ်လို့လည်း သိရပါတယ်။
ဒီလို မှတ်ပုံတင်တာကို PD Form ဖြည့်ခဲ့တဲ့ရက်ကစပြီး ရက်ပေါင်း ၃၀ အတွင်း လျှောက်ရမှာဖြစ်သလို ကျသင့်တဲ့ အခွန်လည်း ပေးဆောင်ရမှာပါ။
သတ်မှတ်ထားတဲ့ ရက် ၃၀ အတွင်း မလျှောက်ဘူးဆိုရင်တော့ အခွန်အပြင် ဒဏ်ကြေးတွေပါ ထပ်ပြီး ဆောင်ရမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Emily
#CEIR/EIRစနစ် #IMEI #လက်ကိုင်ဖုန်း၂လုံး #သယ်ခွင့်ရ #Zalen




