CDF (ဟွာလ်းငို) ကဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးကျပ်သိန်း ၇၅၀၀ ဖိုး မီးရှို့ဖျက်ဆီး

ဇူလိုင်လ ၂၈ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒေသခံပြည်သူတွေနဲ့ မီဒီယာတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်(ဟွာလ်းငို)ဆီက သိရပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ်မှာ CDF(ဟွာလ်းငို)နဲ့ ဟွာလ်းငိုပြည်သူ့ရဲတပ်ဖွဲ့တို့ ယခုနှစ် မေလနဲ့ ဇူလိုင်လအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး နိုင်ငံတကာစျေးကွက် ကာလတန်ဖိုး အိန္ဒိယ ရူပီ သိန်း ၁၅၀ ကျော်ကို မနေ့ ဇူလိုင်လ ၂၇ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

Zalen ad

အဲ့ဒီ မီးရှို့ဖျက်ဆီးတဲ့ အခမ်းနားကို ဟွာလ်းငိုပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူ​တွေ၊ ဟွာလ်းငိုဒေသ တရားဥပဒေရေးရာ အာဏာပိုင်အဖွဲ့တွေ တက်ရောက်ပြီး ၎င်းတို့ဖိတ်ကြားချက်အရ မီဇိုရမ်သတင်းထောက်အသင်း ဒုဥက္ကဌ Pu C.Lalhnunpuia နဲ့ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်၊ ခရိုင်ခွဲရုံးချုပ် YMA ဥက္ကဋ္ဌ Pu F.Lalrinmuana တို့လည်း တက်ရောက်ခဲ့ပါတယ်။

“ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးအများစုဟာ မီဇိုရမ်ဘက် သယ်ပို့မယ့် မူးယစ်ဆေးဝါးတွေကိုဖြစ်တယ်။ အဲ့ဒီ မူးယစ်ဆေးဝါး ဖမ်းဆီးတာလည်း မီဇိုရမ် အရပ်ဘက်အဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာဖြစ်တဲ့အတွက် မီဇိုရမ်ဘက်က လူကြီးတွေ မီဒီယာတွေကို ဖိတ်ကြားလိုက်တာဖြစ်တယ်။ မီဇိုရမ်ဘက်ကလည်း ကျွန်တော်တို့ ဆောင်ရွက်ချက်တွေအပေါ် အသိအမှတ်ပြု အလေးထားတဲ့သဘော လာပြသတာဖြစ်တယ်။”လို့ CDF (ဟွာလ်းငို) တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်ကောင်စီ စခန်းတွေရှိသေးတဲ့အတွက် မူးယစ်ဆေး၀ါးတွေကို တိုက်ဖျက်နိုင်ခဲ့ခြင်း မရှိသေးတဲ့အတွက် ၂၀၂၃ ခုနှစ်ထဲမှာ ဘိန်းဖြူ ဆပ်ပြာဗူး ၁၀၀ ၀န်းကျင်သာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ယခုနှစ် ၂၀၂၄ ခုနှစ်တွင် ရိခေါ်ဒါရ်မြို့မှာ စစ်ကောင်စီမရှိတဲ့အတွက် ဟွာလ်းငိုးဒေသလုံးဆိုင်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေလည်း ပိုမိုဖော်ဆောင်လာတဲ့အတွက် ဘိန်းဖြူ ဆပ်ပြာဗူး တစ်ထောင်ကျော် ၊ စိတ်ကြွဆေးပြား ၁ သိန်းကျော် အထိ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တရားခံတွေကိုလည်း ဟွားငိုဒေသ တရားဥပဒေရေးရာအဖွဲ့က စီရင်ချက်ချကာ ဥပဒေအရ အကျဉ်းချပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်